ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ပညာရေးကော်မတီကဦးစီး၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်ကိုယ်စားလှယ်များ၊ ပရဟိတလူငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မင်္ဂလာဆုတောင်းသီချင်းကို စောင်းပညာရှင် ဆောင်းအိန္ဒြေခင်က ဧည့်ခံဖျော်ဖြေခြင်းနှင့် ရွှေတံဆိပ်ဆုရှင် အပျိုတော်ယိမ်းအဖွဲ့မှ ကပြဖျော်ဖြေတင်ဆက်သည်။ ဆက်လက်၍ လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး အသိပညာကြွယ်ဝမှုနှင့် ပတ်သက်၍ ယှဉ်ပြိုင်ပွဲပြုလုပ်ခြင်း၊ (တစ်ဦးခြင်း/အုပ်စုလိုက်) ဉာဏ်စမ်းပဟေဠိများကို လူငယ်များက ဖြေဆိုကြသည်။
ယင်းနောက် အဆိုတော်အေးမြဖြူက နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အောင်ပါစေသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)