တပ်ကုန်းမြို့နယ် တရော်ပင်အင်း(ကျီးအင်း)ကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်ဖွင့်လှစ်

တပ်ကုန်း ဇွန် ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် တရော်ပင်အင်း(ကျီးအင်း) ကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

ဦးစွာ တရော်ပင်အင်း(ကျီးအင်း)ကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ စာကြည့်တိုက်အတွင်း ပြည်သူများစာပေဖတ်ရှုနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများ ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်အဆောက်အဦးအတွက် မြေအလှူရှင်တို့အား စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် တာဝန်ရှိသူများက နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်အသင်းတို့မှ လှူဒါန်းသည့် စာအုပ်စာစောင်များအား သက်ဆိုင်ရာကျေးရွာ တာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါစာကြည့်တိုက်အား မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင် ရွက်မှုကော်မတီမှ မတည်ငွေ သိန်း ၁၅၀၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ၃၇သိန်း၊ စာကြည့် တိုက်မြေအလှူရှင်တို့ဖြင့် အုပ်ညှပ်၊ သွပ်မိုး၊ တစ်ထပ်အဆောက်အဦဖြစ်ပြီး၊ မြို့နယ်အတွင်း စာကြည့်တိုက်စုစုပေါင်း ၁၃ တိုက် လျာထားဆောက်လုပ်လျက်ရှိရာ ယခုစာကြည့်တိုက် အပါ အဝင် စာကြည့်တိုက်လေးတိုက်ဖွင့်လှစ် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တင်စိုးလွင် (ပြန်/ဆက်)