မော်လမြိုင် ဇွန် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာ့ဂီတနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂီတအလွှာအသီးသီးမှ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာမြန်မာ့ဂီတနေ့ ဂုဏ်ပြုသီချင်းနှင့် မွန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၁၉၃၆ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် မြင်းခြံမြို့၌ ကျင်းပခဲ့သောဒုတိယအကြိမ်မြောက် ဒို့ဗမာအစည်းအရုံး ညီလာခံတွင် ဝိုင်အမ်ဘီအေ ဆရာတင်ရေးသားသည့် တို့ဗမာသီချင်းအား အမျိုးသားသီချင်းအဖြစ် သတ်မှတ်ဆုံးဖြတ်ခဲ့သောနေ့ကို မြန်မာ့ဂီတနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းသည် ဂီတလောကသားများအတွက် ဂုဏ်ယူစရာ ဖြစ်သလို အတိတ်သမိုင်းကြောင်း အဆက်ဆက်က ပညာရှင်ကြီးများရဲ့ ဂီတအမွေကို ဆက်ခံလိုက်ခြင်းပဲဖြစ်ကြောင်း၊ ရှေးဟောင်းမြန်မာ့ဂီတသည် ဂန္တဝင်မြောက်သဖြင့် ထိန်းသိမ်းထားအပ်သော အနုပညာဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီးဆိုင်ရာ အနုပညာများမှာ နိုင်ငံနှင့်လူမျိုးကို ထိရောက်စွာ အကျိုးပြုသည့်အနုပညာဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ ဂီတလောကသားများအားလုံး အတိတ်သမိုင်းက ဂီတပညာရှင်ကြီးများ၏ကောင်းမြတ်သည့်အမွေကို ထိန်းသိမ်းဆက်ခံရင်း ယနေ့အချိန်ကာလ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို “ဂီတစွမ်းအား ပြည်ထွန်းကား” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ တာဝန်သိ သစ္စာရှိစွာဖြင့် ပါဝင်ထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး(မွန်ပြည်နယ်)ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား ခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ နိုင်ငံတော်အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သီဆိုကပြဖျော်ဖြေ တင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌက အသင်းဝင်ကဒ်ပြားများအား မြန်မာနိုင်ငံဂီတအစည်းအရုံး(မွန်ပြည်နယ်)ဥက္ကဋ္ဌထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဧည့်သည်တော်တေးသံရှင်များက သီဆိုဖျော်ဖြေခဲ့ကြပြီး မြန်မာ့ဂီတနေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်နှင့် မြန်မာ့ဂီတနေ့ ကျင်းပနိုင်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ တက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ