ချမ်းအေးသာစံ ဇွန် ၂၉
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မဟာမုနိဘုရားကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာမုနိဘုရားကြီးပြန်လည်ပြုပြင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဦးစီကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ မဟာမုနိရုပ်ရှင်တော်မြတ် ဂန္ဓကုဋိကျောင်းတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
၎င်းနောက် အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျွမ်းကျင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေ၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ရှေးမူအတိုင်း ပိုမိုခိုင်ခံ့အောင်၊ လုပ်ငန်းများ မြန်ဆန်စွာ ပြီးစီးနိုင်အောင် စနစ်တကျ ကြပ်မတ်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီတို့မှ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များနှင့် ပေါင်းစပ်၍ အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပျက်စီးမှု အခြေအနေများ၊ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် သုံးသပ်ချက်များအား တင်ပြဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ ရှင်းလင်းတင်ပြချက်များ၊ ဆွေးနွေးအကြံပြုချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်