မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (၂၆) နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနား ကျင်းပ

အင်းစိန် ဇွန် ၂၉

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (၂၆)နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (၂၆နှစ်မြောက် နှစ်ပတ် လည် အစည်းအဝေး ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (၂၆)နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားအား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားရာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် လိုအပ်ချက်များကို ပုဂ္ဂလိကဏ္ဍနှင့် အစိုးရဌာနများကို ချိတ်ဆက်၍ ကြားခံအဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ပြီး နိုင်ငံတော်၏ ငါးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံသာများ အတွက် ငါးရိက္ခာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ပြီး ပြည်ပဝင်ငွေများ တိုးတက်ရရှိနိုင်ရန် လိုအပ်ပြီး ငါးလုပ်ငန်း တိုးတက်ရရှိနိုင်ရေးအတွက် ငါးလုပ်ငန်းဆိုင်ရာ ကောင်းမွန်ပြည့်စုံသည့် မူဝါဒများ၊ စီမံကိန်းများ၊ စီမံချက်များ ချမှတ်အကောင် အထည်ဖော် အပြည့်အဝ ပူးပေါင်းဆောင်ရွက် စေလိုကြောင်းနှင့် ပြည်ပပို့ကုန်များ တိုးတက်ရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ အားလုံး ကြိုးစားလုပ်ဆောင်ကြရန်စသည် ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဦးဌေးမြင့်က လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)