နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဒက္ခိဏသီရိမြို့နယ် “အလင်းရောင်”စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ပျဉ်ထောင်ကျေးရွာ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောက်လုပ် သည့် “အလင်းရောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစာကြည့် တိုက်ရှေ့၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်သည်။

ရှေးဦးစွာ ပျဉ်ထောင်ကျေးရွာ အလင်းရောင် စာကြည့်တိုက်အား  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကို အခြေခံ၍ စနစ်တကျပြုစု တည်ဆောက်ရမှာဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်း လုပ်ဆောင်ပေးကြရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် အများစုနေထိုင်ကြပြီး လူငယ်များအပါအဝင် ပြည်သူများ  စာဖတ်ကြစေရန်၊ စာပေလေ့လာ ဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်အတွက် ကျေးရွာ စာကြည့်တိုက်များ တည်ဆောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာ ဗဟုသုတများစွာ ရရှိနိုင်သည့် အတွက် ကျေးလက်နေပြည်သူများအနေဖြင့်လည်း စာအုပ်စာပေကို တန်ဖိုးထားဖတ်ရှုကြရန် လိုကြောင်း၊ စာအုပ်စာပေ လေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံ သက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြရမှာဖြစ်ကြောင်း သို့မှသာ အမှားအမှန်ကို ဝေဖန်သုံးသပ်နိုင်မည် ဖြစ်ကြောင်းနှင့် စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေးအတွက် စာကြည့်တိုက်ကော်မတီဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက စာကြည့်တိုက်ဆိုင်ရာ အချက်အလက် များအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနိုင်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ပြီး စာကြည့်တိုက်ဆောက် လုပ်ရန် မြေနေရာလှူဒါန်းပေးသည့် အလှူရှင် ဦးလှဦးအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။   

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အလင်းရောင် စာကြည့် တိုက်အတွက် စာကြည့်တိုက် မတည်ငွေများနှင့် စာအုပ်စာစောင်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က စာအုပ်၊စာစောင်များကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများသည် အလင်းရောင်စာကြည့်တိုက်အတွင်း   ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စာအုပ်စာပေ လေ့လာဖတ်ရှုနေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)