မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၂၈

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျစိုက်ထုတ်ရမှုလျော့နည်းစေပြီး လက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေခြင်းနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးခြင်းတို့ကို  အ လေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လစဉ်ပင်စင်လစာထုတ်ရက်နေ့များတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် လစဉ်ကျန်းမာရေးစစ်ဆေးပေးမည့် အစီအစဉ်များနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ပိုမိုထောက်ပံ့ပေးနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးနေမှုအပေါ် လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)တို့တွင် ပင်စင်ထုတ်ယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၀၀)ဦးအား အခြေ ခံစားကုန်ဖြစ်သော ဆန်(၁)ပြည်၊ ကြက်ဥ(၁၀)လုံး၊ တန်ဖိုးငွေအားဖြင့် ငွေကျပ်သိန်း(၃၀)နီးပါး  ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)