တပ်ကုန်းမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်

တပ်ကုန်း ဇွန် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁၁ ၊ ၁၂၊ ၁၃ ပိန်းတော) ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ဟောပြောပွဲကျင်းပခဲ့သည်။ 

ဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလှိုင်လှိုင်ဋ္ဌေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁၁၊ ၁၂၊ ၁၃ ပိန်းတော) ဘုန်းတော် ကြီးကျောင်းတိုက် ဘဒ္ဒန္တဣန္ဒြိယစာရ ဆရာတော်အား ဖူးမြှော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက်ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူက ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေး၊ ရေဝပ်၊ ရေတင်ကျန်ရစ်မှုမရှိစေရေး၊ ရေစီး ရေလာကောင်းမွန်စေရေး၊ သက်ဆိုင်ရာ ရပ်ရွာပြည်သူ လူထုပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီးနောက် နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ လှိုင်လှိုင်ဋ္ဌေးက မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ရောဂါများအကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းက အဘိတ်ဆေးအသုံးပြုပုံအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ 

ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလှိုင်လှိုင်ဋ္ဌေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းတို့က ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့်ရပ်ကွက်လူငယ်ပရဟိတအဖွဲ့ဝင်များက နယ်မြေ(၁၁၊ ၁၂၊ ၁၃ ပိန်းတော)  အိမ်ထောင်စုများ အသုံးပြုသည့် အုတ်ရေကန်၊ ရေစည်ပိုင်းများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဘုရား အိုး၊ တာယာဟောင်းများအား ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်