မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၂၈

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဇွန် ၂၆ ရက်မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးပင်ဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပနိုင်ရေး မွန်ပြည်နယ်အတွင်း၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ်ပြည့် လူဦးရေစာရင်းများအား သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ ပြန်လည်စိစစ်၍ လျာထားမဲရုံများအလိုက် မဲစာရင်းများ ပြုစုနိုင်ရေးရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များ၌ မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွတ်လပ်၍တရားမျှတပြီးသိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေနဲ့အဖက်ဖက်မှ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်စက်ကို အသုံးပြု၍ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ပြီး မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင်မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ယခုသင်တန်းတွင် စနစ်တကျသင်ကြားပြသပေးမည်ဖြစ်ကြောင်း၊ တရားမျှတပြီးသိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ကျရာကဏ္ဍကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်မှ MEVM စက်ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြစ်ပေါ်လာပုံ၊ အသုံးပြုပုံနည်းစနစ်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းနည်းပြများက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း(၁၀၀)ဦးတို့အား ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက် ဒီကနေ့အထိ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် (၃)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)