မြင်းခြံ ဇွန် ၂၈
ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒါသအကျိုးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မစတင်မီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဇာနည်ဝင်းတို့မှ တာဝန်ရှိသူများအား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ခရိုင်စီမံဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို စနစ်တကျ စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးထားသည့် သစ်ပင်များအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေလောင်းခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် (၂) ပေနှင့်အထက် တမာ၊ ဗန်ဒါ၊ ကုက္ကိုလ်၊ မန်းကျည်း၊ ပိတောက်၊ ငုဝါ၊ သပြေဘူတ၊ မယ်ဇလီ၊ စိန်ပန်း စုစုပေါင်း ပျိုးပင် (၂၀၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)