ကျောက်ဆည် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေနိုင်ရေး၊ တိမ်ကောနေသည့် မြောင်းများအား သဲနုန်းများတူးပေးခြင်း၊ မြောင်းနံရံများအား ကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျအဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ သီးနှံမျိုးစုံ (၃၅၀)ဧက ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရွှေလေးရိုးနှင့် ဘိုဘေးရိုးတွင် သဲနုန်းများတူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။
သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ရွှေလေးရိုးနှင့်ဘိုဘေးရိုးတို့သည် ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာအနီးတွင်တည်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုငွေဖြင့် ရွှေလေးရိုးတွင် အကျယ် (၁၈)ပေ၊ အနက် (၈)ပေ၊ အရှည် (၁၁၀၀၀)ပေနှင့် ဘိုဘေးရိုးတွင် အကျယ်(၁၈)ပေ၊ အနက်(၈)ပေ၊ အရှည်(၁၂၀၀၀)ပေ တူးဖော်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သဲနုန်းတူးဖောင်ခြင်းလုပ်ငန်းများပြီးစီးခဲ့ပါက မိုးရာသီမိုးသည်းထန်စွာရွာသွန်းပါက ရိုးရေလျှံပြီး ရိုးဘေးဝဲ/ယာရှိရေဝင်ရောက်သည့် ရွှေလေးကျေးရွာ၊ သင်တောင်းကြီးကျေးရွာ၊တောင်လွှဲကျေးရွာနှင့် သီးနှံစိုက်ခင်း (၃၅၀)ဧကတို့အား ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)