မိုးညှင်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးညှင်း ဇွန် ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ (နန့်ပုတ်) ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို နိုင်ငံတစ်ဝန်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (နန့်ပုတ်) မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း