ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ဦးထိန်လင်း စစ်တွေတက္ကသိုလ်အတွင်း၌ မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ ဇွန် ၂၈

ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများအနေ့အား ကြိုးဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဝင်းအတွင်း ဆောင်ရွက်ကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် တက္ကသိုလ်အဝင်မုခ်ဦးမှ ပင်မကျောင်းဆောင်ကြီး လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ စာသင်ဆောင်များ၊ အားကစားရုံများနှင့် စာသင်ဆောင်သွားလမ်းများတွင် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်က စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်းရေး ဆောင်ရွက်ခြင်းနှင့် ကျောင်းအနီးပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၂၀၀ ကျော်တို့သည် စစ်တွေတက္ကသိုလ်ဝင်းအတွင်းသန့်ရှင်း သာယာလှပရေးအတွက် နေရာ () နေရာခွဲပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က တက္ကသိုလ်စာကြည့်တိုက် အတွက် သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ဆရာ၊ ဆရာမများအိမ်ရာအား လှည့်လည်ကြည့်ရှုကြရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များက လိုက်လံပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအိမ်ရာ သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်းရေးအတွက် ဆောင်ရွက်ရမည့်အစီမံများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)