တာမွေ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်လာပါက ထိခိုက်နစ်နာဆုံးရှုံးမှုများ တတ်နိုင်သမျှ လျော့နည်းစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း “ ဇွဲ ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ကေသီဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသူရိန်အောင်က မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဦးစီးမှူးဦးစောမင်းလွင်က ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့်အသိပညာပေး အသီးသီးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသောကျောင်းသား/သူလေးများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ အသိ ပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါဟောပြောပွဲအခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါသဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယနေ့တွင် တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း “ မြတ်ပန်းသဇင် ”ခန်းမ၌လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)