၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇွန် ၂၈

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းနှင့် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ၊ တိုင်းဒေသကြီးပြေးခုန်ပစ်နှင့် ဘောလုံးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊  ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား အသင်းများမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊အားကစားသမားများနှင့် မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့တွင် ကျင်းပမည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ရန်ကုန်၊ပဲခူး၊ ဧရာဝတီ၊ ကရင်နှင့် တောင်ကြီးမြို့များတွင် ဇုန်အလိုက်ကျင်းပမည့် အမျိုးသားဘောလုံးပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ အားကစားသမားများမှာ အဆင့်ဆင့်ရွေးချယ်ပြီး စနစ်တကျ စခန်းသွင်းလေ့ကျင့်ထားသူများ ဖြစ်ပါကြောင်း၊ အုပ်ချုပ်သူနည်းပြများ၏ အနီးကပ်ကြီးကြပ်၍ စနစ်တကျသင်ကြားပြသပေးမှုများနှင့် အတွေ့အကြုံများ ပေါင်းစပ်၍ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းတို့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဆပ်ကော်မတီအလိုက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ခဲ့သည်။

၎င်းနောက် ပြေးခုန်ပစ်အသင်းနှင့် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူတို့မှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင် အားကစားသမားများကို နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းနိုင်