ဆိပ်ကြီးခနောင်တို ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဒေါ်သန်းသန်းဌေးက သင်တန်းဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌမှ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌထံ တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းကို စတင်ပို့ချခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် သင်တန်းသူလေးဆယ်ဦးအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ စသည့်ရှေးဦးပြုစုခြင်းအခြေခံဘာသာရပ်များကို ဇွန် ၂၇ ရက်မှ ၂၉ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီမှ သင်ကြားပို့ချလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)