ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်အတက်လမ်း တိုးချဲ့ဆောင်ရွက်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်​​နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၂၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး၊ လမ်းများပိုမိုကောင်းမွန်လာစေရေးအတွက် တောင်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ အတက်လမ်းထောင့်ရှိ လုံခြုံရေးဂိတ် ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းခွင်နှင့် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းတိုးချဲ့ပြီး နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်သည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ  သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများ ရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘုန်းပွင့်ဘုရားအတက်လမ်း နိုင်လွန်ကတ္တရာလမ်းအဆင့်မြှင့်တင်ခင်းကျင်းနေမှုအခြေအနေနှင့် လမ်းဘေးမြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းများမျက်ကွယ်နေရာတွင် မြေညှိဆောင်ရွက်​ပေးရန် လိုအပ်ပါကြောင်း၊ မြေထိန်းနံရံများ ပျက်စီးယိုယွင်းမှုမရှိစေရေးနှင့် ရေရှည်ခိုင်ခန့်စေနိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းများဆောင်ရွက်ကြရန် သက်ဆိုင်ရာဌာနအား မှာကြားခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်အဆင်းလမ်း 4.4 ကီလိုမီတာနှင့် 5.2 ကီလိုမီတာကြား၌ လမ်းသားတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းမျဥ်းရေးဆွဲခြင်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းနှစ်ခွတွင် လမ်းအစောင်းကို အချိုးအစားမှန်ကန်မှုရှိစေရေးနှင့် လှိုင်းတွန့်များမရှိစေရေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ထည့်သွင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ နေလလမ်းမှ ပညာ​ဗောဓိကျောင်းသို့ သွားသည့်လမ်းဆုံအထိ AC လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့်နေရာနှင့် လမ်းနယ်တိုးချဲ့ခြင်း၊ အခြေခံလွှာခင်းခြင်းလုပ်ငန်းပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေနုတ်မြောင်းများဆောင်ရွက်ရာတွင် ကားလမ်းဘေးရှိ သစ်ပင်များအား အကိုင်းခုတ်အလင်းဖွင့်ပေးရန်နှင့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး စနစ်တကျ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ဂနိုင်ကန်နှင့် တောင်ကျောင်းကြီးလမ်းရှိ လမ်းကျဥ်းနေသည့်အပိုင်းအား လမ်းသားတိုးချဲ့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် မြေယာရှုခင်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေနုတ်မြောင်းအတွင်းဝင်ရောက်မည့် ရေဝင်ပေါက်နေရာနှင့် ပလက်ဖောင်းပေါ်ရှိ ရေမြောင်းဖုံးကို အဖွင့်အပိတ်လုပ်နိုင်သည့် မြောင်းဖုံးများဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကန်ဘေးရှိရေမြောင်းမှတစ်ဆင့် ရေအညစ်အကြေးများ ကန်အတွင်းမဝင်ရောက်နိုင်စေရန် ရေထိန်းတံခါးနေရာကို အမြင့်ပိုင်းတွင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းများကို စည်ပင်သာယာရေးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာကုမ္ပဏီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်(၃)ကန်​ အရှေ့ဘက်ခြမ်း ခြံစည်းရိုးကာရံနေမှုနှင့် ရေထွက်ပေါက်ထားရှိ ဆောင်ရွက်မည့်နေရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဂနိုင်ကန်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကန်အတွင်းရှိအမှိုက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် သန့်ရှင်းရေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကန်အဝင်အထွက်လမ်းနေရာတွင် ခြံဝန်းတံခါးဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေး စည်ပင်သာယာရေးဌာနမှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)