နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု၊ နွေစပါးများဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေး

လယ်ဝေး ဇွန် ၂၈

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးနိုင်ဦး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သက်ကယ်ချင်းကျေးရွာအုပ်စု၊ မှန်တောကျေးရွာတွင် နွေစပါးများ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ မှန်တောကွင်း၊ ကွင်းအမှတ် ၁၈၁၁ ရှိ တောင်သူ ဦးစိုးဝင်း၏ လယ်မြေ ၄ ဧက၌ ဧရာမင်းစပါးမျိုးအား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေအားလည်းကောင်း၊ တောင်သူ ဦးမင်းမင်း၏ နွေစပါး New-10 မျိုးစပါး ၄ ဧက အောင်မြင်ဖြစ်ထွန်းနေမှုအခြေနေတို့အားလည်းကောင်း ကြည့်ရှုအားပေးသည်။

ထို့နောက် ကျေးရွာမှ ဒေသခံတောင်သူများနှင့်‌တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ မှန်ကန်စွာအသုံးချနိုင်ရေး၊ မိမိတို့ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာများပြုလုပ်အသုံးပြုရေး၊ ရာသီအလိုက် သုံးသီးအပြည့်စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးညှပ်များစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းထက်ကျော်လွန်အောင် ထွက်ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများက လိုအပ်ချက်များတင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)