ချမ်းအေးသာစံ ဇွန် ၂၈
မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီးမှာ မူလအနေအထားမှ တိမ်းစောင်းသွားခဲ့ရာ လက်ရှိအတိုင်းခိုင်ခံ့စေရေးအတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်နှင့် ပညာရှင်အဖွဲ့၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မူလအနေအထားမှ တိမ်းစောင်းသွားသော ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီးကြောင့် ဘေးပတ်ဝန်းကျင်အန္တရာယ်မဖြစ်ပေါ်စေရေး၊ လက်ရှိအတိုင်း ရေရှည်တည်တံ့ခိုင်မြဲနေစေရန် အင်ဂျင်နီယာပညာရှင်၊ ဘူမိဗေဒပညာရှင်များ ပါဝင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပူးပေါင်း၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို အချိန်ကာလတစ်ခုအတွင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်က မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များအပေါ် တည်မြဲမှုဆိုင်ရာ ဒီဇိုင်းတွက်ချက်ထားရှိမှုများ၊ ကျောက်သေတ္တာ၏ အခြေခံ ကျောက်သားများအား ခိုင်ခံ့စေရေး ဦးစားပေးအဆင့်လိုက် လုပ်ဆောင်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီးနောက် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီး မူလအနေအထားမှ တိမ်းစောင်းခဲ့မှုအခြေအနေမှစ၍ ယနေ့အချိန်အထိ ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုများ၊ အနီးကပ်မြေပြင် ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ကျောက်သေတ္တာစေတီတည်ရှိရာ ကျောက်တုံးကြီးအား ထိန်းသိမ်းပြုပြင်ဆောင်ရွက်နိုင်ရေး အလှူငွေများ လက်ခံဆောင်ရွက်ပေးနေမှုများကိုလည်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများနှင့် ဆွေးနွေးချက်များ၊ သက်ဆိုင်ရာ ဌာနများ၏ ဖြည့်စွက်တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်