တာမွေ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လာပါက ထိခိုက်နစ်နာဆုံးရှုံးမှုများ တတ်နိုင်သမျှ လျော့နည်းစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း “ ဇွဲ ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်အောင်က မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဦးစီးမှူး ဦးစောမင်းလွင်က ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း အကျယ်တဝင့် အသိပညာပေး အသီးသီးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူလေးများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါဟောပြောပွဲ အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အဆိုပါ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့တွင် တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း “ မြတ်ပန်းသဇင် ”ခန်းမ၌လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)