ဒဂုံအရှေ့ ဇွန် ၂၈
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိပတ်ဝန်းကျင်ကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုးက အမှာစကားပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများက ကောင်းမွန်ပြည့်စုံသော ပတ်ဝန်းကျင်၊ ပလတ်စတစ် ထုတ်လုပ်သုံးစွဲ စွန့်ပစ်မှု အကျိုးတရားများ၊ ရာသီဥတုပြောင်းလဲမှု၊ သမုဒ္ဒရာများမှရရှိနေသော အရင်းအမြစ်များ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့မှ တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများကို အသီးသီးပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ (ပြန်/ဆက်)