ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆင်ယင်ရှုမဝ သုံးရာသီအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ တက်ရောက်

အင်းစိန် ဇွန် ၂၈

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသော ဆင်ယင်ရှုမဝ သုံးရာသီအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲကို ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပရာ ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုး၏ဇနီး ဒေါ်ခင်မျိုးထိုက်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပညာရေးတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက မင်္ဂလာပါအကဖြင့်လည်းကောင်း၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက နွေရာသီအလှသဘာဝကို ဖော်ကျူးထားသည့် ခွန်းဆက်ခြွေတဲ့နွေ သီချင်းဖြင့်လည်းကောင်း၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသူလေးများက နွေရာသီဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြမှုဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူလေးများက မိုးရာသီသရုပ်ဖော် ကျေးလက်သဘာဝ ကောက်စိုက်ယိမ်းအကဖြင့်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများက မိုးရာသီအလှသဘာဝကို ဖော်ကျူးထားသည့် (Mix Song) တေးသီချင်းများဖြင့်လည်းကောင်း သရုပ်ဖော်တင်ဆက်ခဲ့ကြသည်။

ထို့နောက် တက္ကသိုလ်အသီးသီးမှ ကျောင်းသူလေးများက မိုးရာသီဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြမှုဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက ဆောင်းရာသီအလှသဘာဝကို ဖော်ကျူးထားသည့် ဆောင်းရာသီတေးသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁)ဒဂုံမှ ကျောင်းသူလေးများက ဆောင်းရာသီအလှသဘာဝကို ဖော်ကျူးထားသည့် ဆောင်းရာသီတေးသီချင်း (Mix Song) ဖြင့်လည်းကောင်း၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသူလေးများက ဆောင်းရာသီ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြမှုဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင် စနိုးမှ မှုန်ရွှေရည်အကဖြင့်လည်းကောင်း၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသူလေးများက နွေ၊ မိုး၊ ဆောင်း သုံးရာသီ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အလှပြမှုဖြင့်လည်းကောင်း သရုပ်ဖော်တင်ဆက်ခဲ့ကြသည်။

ယင်းနောက် တေးသံရှင် စိမ့်နေခြည်၊ တေးသံရှင် ချစ်စုစံ၊ တေးသံရှင် စိုးညီညီနှင့် တေးသံရှင် ထွန်းထွန်းတို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက္ကသိုလ်အသီးသီးမှ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူလေးများ၊ တေးသံရှင်များ၊ ဒီဇိုင်နာနှင့် မိတ်ကပ်ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)