ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံဆိပ်ကမ်း ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လုပ်ငန်းများပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်၊ ပဲခူးမြစ်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုနည်းသင်တန်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်သွားကြရန်၊ မဲပေးစက်များကို လက်တွေ့ကိုင်တွယ်အသုံးပြုကြမည့် မဲရုံအဖွဲ့ဝင်များအဖြစ်လျာထားသည့် ဝန်ထမ်းများ၊ စေတနာ့လုပ်အားရှင်များ ရွေးချယ်ခြင်းနှင့် ဝန်ထမ်းတိုင်း မဲပေးစက်ကိုင်တွဲအသုံးပြုနိုင်ရေး သင်တန်းတက်ရောက်ရမည့်အခြေအနေများနှင့် မြို့နယ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မိမိတို့မြို့နယ်၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)