တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇွန် ၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီတွင် သုဝဏ္ဏ(၄)ထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုက်ကွမ်ဒိုအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲ၌ အတိုက်ပြိုင်ပွဲတွင် တစ်ဦးချင်းဝိတ်တန်း အမျိုးသား(၁၀)တန်း၊ အမျိုးသမီး(၁၀)တန်း၊ ‘က’ ကွက်ပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီး တစ်ဦးချင်း‘က’ကွက်၊ အမျိုးသား + အမျိုးသမီးနှစ်ယောက်တွဲ‘က’ကွက်၊ အမျိုးသား/အမျိုးသမီးအသင်းလိုက် သုံးယောက်တွဲ‘က’ကွက်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ မှတ်ပုံတင်များကို မှန်မှန်ကန်ကန်ရှိစေရေးအတွက် မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သေချာစွာစိစစ်ဆောင်ရွက်လာရန်လိုကြောင်း၊ မှန်ကန်မှုမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သွားလာနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို စည်းကမ်းတကျ လေးစားလိုက်နာကြရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရာ၌ ဒိုင်လူကြီးများမှလည်း သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း တိတိကျကျ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှုကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ရေးကိစ္စရပ်များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)