ဒေါပုံ ဇွန် ၂၇
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကြိုဟောပြောပွဲကို ဇွန် ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရရှိလာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသည် မိမိတို့နိုင်ငံအတွင်းသို့ ရောက်ရှိလာပုံသမိုင်းအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအမျိုး အစားများနှင့် တွေ့ရှိနိုင်သည့် ပုံသဏ္ဍာန်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့ကြောင့် ဥပဒေအရအရေးယူခံရနိုင်သည့် အကြောင်းအရာများ စသည်တို့ကို ဟောပြောခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)