အင်းစိန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ပုံပြော၊ စာစီစာကုံး၊ ကျပန်းစကားပြော၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို ဇွန် ၂၅ ရက်နေ့ နံနက် ၉ နာရီက အင်းစိန်ခရိုင် လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဓာထွန်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်ပြီး အင်းစိန်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည်က မူးယစ်ဆေး၀ါးအန္တရာယ်အသိပညာပေးဟောပြောပါသည်။
အဆိုပါပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြရာ ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုများရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများ ရရှိသူများကို ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ကဗျာ၊ ပုံပြင်၊ စာစီစာကုံး၊ ကျပန်းစကားပြော၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၅ ဦး ၀င်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်၊ စာစောင်များကို ပြိုင်ပွဲ၀င်များနှင့် တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)