မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြစ်သား ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရွှေပေါ်ကျွန်းကျေးရွာ၊ ကျီတော်ကုန်း အ.မ.က-မူလွန်ကျောင်းဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများအား စိုက်ပျိုးပင်များ ပေးအပ်ခဲ့သည်။   

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်းရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးတို့အတွက် အရိပ်ရပင်များ ‌အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြိူ့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ရွှေပေါ်ကျွန်းကျေးရွာ၊ ကျီတော်ကုန်း အ.မ.က-မူလွန်ကျောင်းဝန်းအတွင်း မြေကွက်လပ်တွင် မယ်ဇယ်ပင်၊ မယ်ဇလီပင်၊ ကုက္ကိုပင်၊ မကျည်းပင်၊ ယူကလစ်ပင်၊ စိန်ပန်းပင်စုစုပေါင်း အရိပ်ရပျိုးပင် ၄၀၀ ပင်များကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် တစ်ပျော်တစ်ပါး စုပေါင်စိုက်ပျိုးခဲ့ပြီး စုစုပေါင်းအင်းအား (၄၀၀)ဦး တက်ရောက်ခဲ့သည်။

သစ်တောဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဌာနဆိုင်ရာများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူး  ဦးအောင်မိုးလွင်ထံမှ သိရသည်။  

ဝင်းမင်းထွန်း(ပြန်/ဆက်)