ပင်းတယ ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် လူမှုဝန်ထမ်းရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင်းတယမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်က ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမားအသက်အရွယ်နှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားရှိမှုများ၊ ကလေးအလုပ်သမားများပြားလာရခြင်း အကြောင်းအရင်းများ၊ ကလေးအလုပ်သမားတွေကို အဆိုးရွားဆုံးပုံစံနှင့်ခိုင်းစေခြင်း အကြောင်းများနှင့် အန္တရာယ်ရှိသည့် လုပ်ငန်းများအကြောင်း၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ် အခွင့်အရေးများ၊ ကလေးအလုပ်သမားအသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဋ္ဌာန်းထားရှိသည့် ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)