အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဇွန် ၂၇

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သန်လျင်မြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များ၊ မြို့နယ်စာရေးဆရာအဖွဲ့ဝင် ဦးပီသက ဆုရကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဒန်၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင်လည်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို လစဉ်ကျောင်းများတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)