မှော်ဘီ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က စာပေမြတ်နိုးသူလူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များအားအသိပညာပေးဟောပြောပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများကျင်းပပေးလျက်ရှိကြောင်း၊ စာပေချစ်မြတ်နိုးသူလူငယ်များအနေဖြင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ရပ်ကွက်/ကျေးရွာ၊ ကျောင်းစာကြည့်တိုက်များ၌လည်းကောင်း စာပေဖတ်ရှုခြင်းဖြင့် အားလပ်ချိန်များအား အကျိုးရှိရှိ အသုံးချကြရန်လိုပါကြောင်း အနာဂတ်ကာလကို ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်တစ်ယောက်ဖြစ်လာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများပါ သိရှိရန်လိုအပ်ပါကြောင်းနှင့် စာအုပ်စာပေများအား အကျိုးရှိရှိ လေ့လာနိုင်ရေးအတွက် စာပေဆိုင်ရာအသိပညာများနှင့် ဖတ်ရှုလေ့လာသင့်သည့် စာပေအညွှန်းများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်ပတ်သက်သော ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာပေမြတ်နိုးသူလူငယ်များသည် မိမိတို့ကြိုက်နှစ်သက်ရာစာအုပ်များဖြင့် စာဖတ်ဝိုင်းများပြုလုပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသော အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မြို့နယ်လှုပ်ရှားမှု နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြရာ မြို့နယ်ဦးစီးအရာရှိက စာစောင်ပါအကြောင်းအရာများနှင့် သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)