မှော်ဘီ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်အချိန်က အခြေခံပညာအလယ်တန်းရှမ်းစုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဦးစန်းဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားကာ“မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သော လူမှုဘဝအကြောင်းအရာများ၊ ကျန်းမားရေးဆိုးကျိုးနှင့် ဥပဒေအရအရေးယူခံရနိုင်သော ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ ကျောင်းသား/သူ လူငယ်များအနေဖြင့် အနာဂတ်ဘဝသာယာလှပနိုင်ရေးအတွက် မူးယစ်ဆေးဝါးကင်းစင်ရန်လိုအပ်ကြောင်းနှင့် မူးယစ်ဆေးဝါးလျော့နည်းပပျောက်စေရန်အတွက် ကျောင်းသား/သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)