ပင်းတယမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

‎‎ပင်းတယ ဇွန် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် လူမှုဝန်ထမ်းရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆွေဆွေမြင့်က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားအသက်အရွယ်နှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားရှိမှုများ၊ ကလေးအလုပ်သမား များပြားလာရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမားတွေကို အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းအကြောင်းများနှင့် အန္တရာယ်ရှိသည့်လုပ်ငန်းများအကြောင်း၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဋ္ဌာန်းထားရှိသည့် ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ကြကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်သက်ဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

‎‎အောင်ကိုဦး(ပြန်/ဆက်)