သာစည် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ အ.ထ.က (၁)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတ လူမှုကူညီရေးအဖွဲ့များ၊ အ.ထ.က(၁) သာစည်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃၂ဝ ဦးတို့က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းစဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက်ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဆန်း၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဆိုပါ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် မြို့နယ်မီးသတ်ဦးစီးမှူးထံသို့ ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)