ကျိုင်းတုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုင်းတုံ ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံ-လွိုင်မွေလမ်းဘေး၊ မိုင်တိုင် (၁၂/၀)တွင် ကျင်းပသည်။

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံ-လွိုင်မွေလမ်း၊ လွိုင်မွေ-ပန်ကွဲလမ်းနှင့် ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်အတွင်း သစ်ပင်စိုက်ပျိုးခြင်းအတွက် ကူညီပံ့ပိုးပေးသည့် ကျိုင်းတုံမြို့ နဂါးနှစ်ကောင်ကုမ္ပဏီမှ ဦးအောင်ခင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်တို့က သစ်ပင်များ စိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်ရာ ဒေသခံတိုင်းရင်းသားများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက ချယ်ရီ၊ ထင်းရူး၊ စိန်ပန်းပြာ၊ မန်ဂျန်ရှားပင် စုစုပေါင်း ပျိုးပင် ၁၀၀၀ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

‌အောင်ဇင်မြင့်(ပြန်/ဆက်)