ရန်ကုန်တိုင်းဒေသကြီး(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

အင်းစိန် ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ဖမ်းဆီးရမိမူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများအား လှည့်လည်ကြည်ရူ့စစ်ဆေးသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌတို့က မူးယစ်ဆေးဝါးများနှင့်ဓာတုပစ္စည်းများအား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးကြသည်။

ယနေ့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများသည် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ရထား ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ကနေ ဖမ်းဆီးရမိသောမူးယစ် ဆေးဝါးများဖြစ်ပြီး အမျိုးအစားအားဖြင့်(၃၆)မျိုး၊ ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ်သန်းပေါင်း(၄၂၃၉၃၅ ဒဿမ ၆၉၃၂၇၂ ကျပ်သန်း)(သန်းပေါင်း လေးသိန်း နှစ်သောင်းကျော်)၊ အမေရိကန်ဒေါ်လာအနေဖြင့် သန်းပေါင်း  ၁၁၇ ဒဿမ ၇၅၉၉၁ သန်း (တစ်ရာ တစ်ဆယ်ခုနှစ်သန်းကျော်) ဖြစ်သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ နံနက် ၁၁ နာရီကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကား ပြောကြားသည်။

ထို့နောက်(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဖတ်ကြားသည်။

ယင်းနောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီယိုအား ပြသသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည်(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးပြခန်းအတွင်း ပြသထားသော မှတ်တမ်းဓာတ်ပုံများအား လှည့်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)