မိုင်းဖြတ် ဇွန် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက မြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပေါ် ငါးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာချီလိတ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ၊ ခရိုင်တာဝန်ခံ ဦးသန်းထိုက်က ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ငါးလုပ်ငန်းများကို စနစ်တကျမွေးမြူရေး၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းနည်းပညာများကို မျှဝေပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် တီလားပီးယား၊ ရွှေဝါငါးကြင်းငါးသားပေါက်(၄၂၃၄၀)ကောင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ၊ ခရိုင်တာဝန်ခံ ဦးသန်းထိုက်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးမွေးတောင်သူများထံ တစ်ဧကလျှင် ငါးကောင်ရေ ၁၀၀၀ နှုန်းဖြင့် တောင်သူ(၈၁)ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)