ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နေပြည်တော် ဇွန် ၂၇

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဒလမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သန်လျင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၄ ရက်နေ့တွင် ဒဂုံမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် ဌာနဆိုင်ရာရုံးများတွင်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် ပန်းပဲမြို့နယ်၊ ဗဟန်းမြို့နယ်၊ လမ်းမတော်မြို့နယ်၊  မြောက်ဥက္ကလာပမြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၊ ဒလမြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများနှင့် ထန်းတပင်မြို့နယ်ရှိ ..က(ထန်းတပင်)ကျောင်းများတွင်လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့ရှိ အခြေခံပညာကျောင်းတွင်လည်းကောင်း၊ လှိုင်မြို့နယ်ရှိ ..က(၂၃)မူလွန်ကျောင်း၊ ရန်ကင်းမြို့နယ်၊ သန်လျင်မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများတို့တွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ ပေးပို့သည့် "တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်း" သဝဏ်လွှာ ကောက်နုတ်ချက်၊ "ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးတိုက်ဖျက်ပေး" ဆောင်ပုဒ်၊ "အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့" ဆောင်ပုဒ်၊ စာရေးဆရာမောင်ကျေးဇူးရေးသားသည့် အဆိပ်ပန်းကဗျာနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ ကာတွန်းများ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။