လှည်းကူးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

လှည်းကူး  ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ဇရပ်ကွင်း)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(ဒရယ်ဘို)တို့၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်နှင့် ရှောင်လေဝေးဝေးမူးယစ်ဆေးဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ဝေးဝေးကရှောင်ရှားသင့်သည့်အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံ ကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(လှည်းကူး)