မြစ်သား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ (အခမဲ့) နယ်လှည့်ကွင်းဆင်းဆေးကုသ

မြစ်သား ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ခုနစ်ဦးတို့က အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် ၈နာရီကစတင် ဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆေးကုသရာတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးနှင့်အကြောအထူးကု ဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီးများလာရောက်၍ (အခမဲ့) ကုသပေးလျက်ရှိရာ မြစ်သားမြို့ပေါ်ရှိ  ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများလာ ရောက်ကုသမှုခံယူခဲ့ကြောင်းသိရသည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက် ကုသပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဝါဝါမြင့် (မြစ်သား)