နောင်တရား ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးဆွေးနွေးပြောပွဲကို ယမန့်နေ့တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမူကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာသတင်းအမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး၊ တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာလေ့လာနိုင်ရေး အသိပညာပေး ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပင်လောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းတစ်ဦး၏ ခံစားနိုင်မည့် အကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများက မြို့ပေါ်ရပ်ကွက်များမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်သက်ဆိုင်သည့် လူငယ်များကို မဲစနစ်ဖြစ်ဆောင်ရွက်မည့်အခြေအနေနှင့် သိရှိလိုသည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြန်လည်ဆွေးနွေးဖြေကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နောင်တရားမြို့ မြို့တည်ဆောက်ရေးကော်မတီမှ ဆောင်ရွက်ထားသည့် နောင်တရားမြို့ အားကစားကွင်းမြေနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့ရုံး(ပြန်/ဆက်)