ကလောမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး  (PFIZER JN1) စတင်ထိုးနှံပေးလျက်ရှိ

ကလော ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး (PFIZER JN1) ကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများအား စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကလောမြို့နယ်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး(၆) လပြည့်ပြီးသူများအား (Pfizer JN1) ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါကာကွယ်ဆေးသည် ယခင်ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများထက် ပိုမိုကောင်းမွန်ပြီး အသွင်ပြောင်း ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ထိုးနှံသင့်သော ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

ကလောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(PFIZER JN1)ထိုးနှံပေးခြင်းကို ကလောမြို့မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာန၊ အောင်ပန်းမြို့ တိုက်နယ်ကျန်းမာ‌ရေးဌာနနှင့် ဟဲဟိုးမြို့ကျန်းမာ‌ရေးဌာနတို့တွင် ဇွန်လ(၂၆)ရက်နေ့အထိ (၆၄၈)ဦးထိုးနှံပြီးစီးပြီးဖြစ်၍ ကျန်ရှိ‌နေသူများအားဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)