မိုးနဲ ဇွန် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများ၌ စိုက်ပျိုးရေး လုပ်ကိုင်သူများ များပြားလျက်ရှိရာ စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်သူများ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဖရုံညွှန့်တစ်စီးလျှင် ကျပ် ၅၀၀၊ ပဲတောင့်ရှည်တစ်စီးလျှင် ကျပ် ၅၀၀နှင့် သီးနှံများအလိုက် အနိမ့်ဆုံး ကျပ် ၅၀၀နှင့် အထက်ရရှိနေသဖြင့် စီးပွားဖြစ် ပြောင်း၊ မြေပဲ၊ ပဲပုပ် နေကြာ၊ စပါး၊ နှမ်းတို့ကို အဓိကစိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်သီးနှံများအဖြစ် နေရာလွတ်များတွင် ဖရုံ၊ ဂေါ်ဖီထုပ်၊ မုန်ညှင်းစိမ်း၊ ဆလတ်စ်၊ မုန်ညှင်းဖြူ၊ ခရမ်းချဉ်၊ ကိုက်လန်၊ ပဲတောင့်ရှည်၊ ငရုတ်နှင့် နံနံပင်များကိုပါ စိုက်ပျိုးထားကြကြောင်း သိရသည်။
အဆိုပါသီးနှံများကို စိုက်ပျိုးလိုက်ခြင်းကြောင်း တောင်သူများအနေဖြင့် မိသားစုမီးဖိုဆောင် အသုံးစရိတ်လျှော့ချနိုင်သည့်အပြင် အပိုဝင်ငွေများ ရရှိနိုင်အောင် ဆောင်ရွက်နိုင်ကြောင်းနှင့် ယခုကာလတွင် ငရုတ်၊ ဖရုံ၊ ခရမ်းချဉ်တို့ ရောင်းအားသွက်နေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)