မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် အောင်ရတနာ(မုန်တိုင်) ဓမ္မာရုံကြီးတွင် ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေး ဇွန် ၂၇

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၆ ရက် မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ နန်း‌တော်ရှေ့ရှိ ဒေါနဘွားရပ်ကွက် အောင်ရတနာ(မုန်တိုင်) ဓမ္မာရုံကြီးတွင် ကျင်းပသည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှု၊ အန္တရာယ်ရှိ အဆောက်အဦများကို ဖယ်ရှားရှင်းလင်းခြင်း၊ ပြန်လည်ထူထောင်တည်ဆောက်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ပြည်သူများမှ တင်ပြလာမှုများအပေါ် ချက်ချင်းဆောင်ရွက်ပေး၍ရသည်များကို ချက်ချင်းဆောင်ရွက်ပေးနေပါကြောင်း၊ အဆောက်အဦများ ပြန်လည်တည်ဆောက်သည့်အခါ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်စေရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုသွားရေးတို့ကို ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ရောင်းချပေးနေပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှုအင်အားတို့ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာကြသူများမှ မန္တလေးငလျင်ကြီးကြောင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းများကို ငလျင်ဒဏ်ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ် ဒေါနဘွားရပ်ကွက်ရှိ ငလျင်ဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးက ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူလူထုအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)