နောင်တရား ဇွန် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် စက်ချုပ်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးညီညီတင်က “၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း သာမန်လျာထားသင်တန်းများမှ လုပ်ငန်းရှင်များဖြစ်သည်အထိ မွေးထုတ်ပေးမည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွတိုးရေးစီမံကိန်းလုပ်ငန်း (၇)မျိုးအနက် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း၊ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးလုပ်ငန်း စသည့် စီမံကိန်းအမျိုးအစား (၃)မျိုးကို ကျေးရွာ (၁)ရွာလျှင် စီမံကိန်း (၁)ခုနှင့် ငွေကျပ်(၁၂)သန်းဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ စီမံကိန်း (၆)ခု စုစုပေါင်း ငွေကျပ် (၇၂)သန်းတို့ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားဖြစ်ပြီး သင်တန်းမှ ထူးချွန်သင်တန်းသူ (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်သည့်အတွက် စက်ချုပ်နည်းပညာသင်တန်းကို စာတွေ့၊ လက်တွေ့ စနစ်တကျ လေ့လာမှတ်သားပြီး ကျွမ်းကျင်အောင် သင်ယူကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြခင်မော်မှ စက်ချုပ်နည်းပညာသင်တန်းသုံးပစ္စည်းများကို ပေးအပ်ပြီး သင်တန်းသားနှစ်ဦးက လက်ခံရယူခဲ့သည်။
အစားထိုးအသေစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့်လုပ်ငန်းမှ စက်ချုပ်နည်းပညာသင်တန်းကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ လုပ်ငန်းသုံးပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်းများ ပြည့်စုံစွာဖြင့် စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် ကျွမ်းကျင်သည့်နည်းပြဖြစ် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပညာသင်တန်းများဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)