မူးယစ်ဆေးဝါးပြဿနာသည် လူသားထုတစ်ရပ်လုံး၏ ပြဿနာ ဖြစ်သည့်အတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကို လူ့အသိုင်းအဝိုင်းတစ်ရပ်လုံးပါဝင်ဆောင်ရွက်

စစ်တွေ    ဇွန်   ၂၆

(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်  အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး နှစ်စဉ်ဇွန်လ(၂၆) ရက်နေ့တွင်  ယခုကဲ့သို့အခမ်းအနားကို ကမ္ဘာ့နိုင်ငံများ၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း ကျင်းပလျက်ရှိရာ(၃၈)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ မူယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်၌ မူးယစ်ဆေးဝါးကင်းစင်သော နိုင်ငံတစ်ခုသို့ရောက်ရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဘိန်းပြဿနာသည် ကြီးမားသော မူးယစ်ဆေးဝါးဆိုင်ရာပြဿနာတစ်ရပ်အဖြစ်ရှိနေပြီး ယခုအခါ စိတ်ကြွရူးသွပ်ဆေးဝါးပြဿနာအပြင် ကတ်တမင်း၊ အက်တက်စီ၊ Happy Water ကဲ့သို့ စိတ်ပြောင်းဆေးဝါး ပြဿနာများကိုလည်း ထပ်မံရင်ဆိုင်လာရကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာများဆိုင်ရာ အထူးအစည်းအဝေး၏ အကြံပြုချက်များနှင့်အညီ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ(၅)ရပ်ကို ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု(၁၈)မှု၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်(စ်)၊ ဆေးခြောက်၊ ဆာလ်ဖျူရစ် အက်ဆစ်တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ(၃၂)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ၂၀၂၅ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု(၇)မှုနှင့် စိတ်ကြွရူးသွပ်ဆေးပြားတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ(၁၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားထုတစ်ရပ်လုံး၏ ပြဿနာဖြစ်သည့်အတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကို လူ့အသိုင်းအဝိုင်းတစ်ရပ်လုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် တစ်ဦးချင်းစီမှစ၍ မိသားစုများ၊ လူ့အသိုင်းအဝိုင်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရစသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်ပြီး အဆင့်ဆင့်ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာကို ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဖတ်ကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  ရခိုင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆရာကြီး၊ ဆရာကြီးမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗွီဒီယိုပြသပြီး ခန်းမအတွင်း ပြသထားသည့် အသိပညာပေးဓာတ်ပုံများ၊ နံရံကပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့  ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး