မင်္ဂလာဒုံ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသိန်းထွန်းအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများနှင့် မိမိဘဝအတွက် လူညွန့်တုံးစေပြီး အကျိုးမရှိသောကြောင့် ရှောင်လေဝေးဝေးမူးယစ်ဆေးဆိုသည့်အတိုင်း ရှောင်ရှားသင့်ကြောင်း၊ မိမိအတွက်တိုးတက်စေမည့် စာအုပ်စာပေကိုများများဖတ်ရှုသင့်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် လူမှုပတ်ဝန်းကျင်ကောင်းကိုတည်ဆောက်နိုင်သော လူတော်လူကောင်း၊ လူရည်ချွန်ဖြစ်အောင်ကြိုးစားသင့်ကြောင်း စသည်ဖြင့်အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဝင်းဝင်းမော်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း