ကျောက်ပန်းတောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၂၆

န္တလေတိုင်း​ဒေသကြီး၊‌ ညောင်ဦးခရိုင်၊​ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ​ ဒေါ်မေသက်နွယ်က မူးယစ်ဆေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး၊ ကျောင်းသားလူငယ်များမှလည်း မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကိုတောင် မသုံးစွဲကြစေရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းရင်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါးကြောင့် မိမိတို့၏ အနာဂတ်ရည်မှန်းချက်များ မဆုံးရှုံးရလေအောင် မူးယစ်ဆေး မသုံးကြစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာပေများ လေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့် စသည့် စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း  အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စား​သုံးရန်မသင့်​သော အစားအစားများအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊ အစားသောက်များ မည်သို့ရွေးချယ်စားသုံးမည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့​နောက် ညောင်ဦးခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအ​နေ​ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝလာစေ​ရေး ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိ​ပြီး အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ၊ ဆရာမ၊​ ကျောင်းသား​၊ ကျောင်းသူများ စုစု​ပေါင်း (၄၀) ဦး တက်​ရောက်ခဲ့ကြောင်း သိရသည်။

သဲသဲ (ပြန်/ဆက်)