သာစည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါဆန့်ကျင်ရေးအသင်း၊ သာစည်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲများနှင့်ပြပွဲများကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထား၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါဆန့်ကျင်ရေးအသင်း၊ သာစည်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်(ဒုရဲမှူးကြီးငြိမ်း)နှင့်အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ထွေးထွေးစိန်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်နှင့်စာရေးဆရာခန့်စစ်အောင်တို့က စာပေဖတ်ရှုကြရန် စာကြည့် တိုက်သို့ ဖိတ်ခေါ်ခြင်းနှင့် သုတရသစာပေများနှင့်စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေးပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် တက်ရောက်လာသူများအား မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် အသိပညာပေးသုတရသစာအုပ်များပြသခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)