ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖမ်းဆီးရမိသည့် မူးယစ်‌ဆေး၀ါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ကျင်းပ

ပုံပါကျင် ဇွန် ၂၆

ရှမ်းပြည်နယ်(‌အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ဟွေအောကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ဒေသ (၁၇၁)မှ ဒုနိုင်ငံရေးမှူး ဦးရှိန့်အိုက်ထန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနမှဌာနမှူး(ကိုယ်စား) ပေါက်ရုန်းဟွာက မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းစဉ်အစီရင်ခံစာကို ဖတ်ကြားခဲ့သည်။

ဆက်လက်၍ စစ်ဒေသ (၁၇၁)မှ ဒုစစ်ဒေသမှူး ရှောက်ဆိုင်ယဲက မူးယစ်‌ဆေး၀ါးဖမ်းဆည်းရမိဖြစ်စဉ်များအား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးကာ  မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများဖြစ်သော ဘိန်းဖြူနှင့် စိတ်ကြွရှုးသွပ်ဆေးပြား စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း (၃၂၉၃၈၄၉၁၀၀) တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ဒေသ(၁၇၁)မှ တာ၀န်ရှိသူများ ဟွေအောကျေးရွာမှ တာ၀န်ရှိသူများ၊ ဟွေအောကျေးရွာမှ ရပ်ကျေးစာရေး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးမှ ဝန်ထမ်းများက တက်ရောက်လာသူများကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)