ဟိုပုံး ဇွန် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ သရုပ်ပြသခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဟိုပုံးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းမြတ်ရည်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဉာဏ်မြင့်ထွန်းတို့က ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိကြောင်း၊ နေ့ညအချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်၏သဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမှုရမည့်အချက်များ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ ငလျင်ဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက နည်းစနစ်တကျ တုံ့ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်းအကြောင်း အချက်ပေးခြင်းနှင့်အတူ ကျောင်းသား၊ ကျောင်းသူများက အဆောက်အအုံနှင့်လွတ်ကင်းရာ ကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်သရုပ်ပြသခြင်းနှင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့်သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)